Sunday, October 9, 2011

ကြက်သားပလာတား)

prata with chicken curry

မတွေ့တာ သိပ်ကြာသွားပြီနော်း)
ပလာတာနဲ့ ကြက်သား စားကြပါဦး



.............................................................ဒါက ပလာတာ


.............................................................ဒါက အချဉ်

Saturday, April 9, 2011

အုန်းနို့ကျောက်ကျော

Agar agar with coconut milk

သင်္ကြန်နားနီးလာပြီဆိုတော့ (မွေးနေ့ရောက်တော့မယ်...း) အီကား စကားချပ်)
သင်္ကြန်စာလေး တင်ချင်လို့ပါ

အိုးသန့်သန့်တစ်လုံးထဲကို ရေ တစ်လီတာခွဲ၊ အုန်းနို့ ၅၀၀ မီလီလီတာ ၊ သကြား ၅၀၀ ဂရမ် ၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ပြီး ကျိုပါတယ် ။ ရေဆူလာပြီဆိုရင် တယ်လီဖုန်းတံဆိပ်ကျောက်ကျော ၂၅ ဂရမ်ကို ပန်းကန်တစ်လုံးမှာ ရေနည်းနည်းနဲ့ ဖျော် ၊ အုန်းနို့ရည်အိုးထဲ လောင်းထည့်ပြီး မွှေပါတယ်။

ကျောက်ကျောမွှေတဲ့ဇွန်းမှာ ကျောက်ကျောမှုန်လေးတွေ မမြင်ရတော့ဘူးဆိုရင် ပန်းကန်ပြားထဲမှာ ကျောက်ကျောတစ်ဇွန်းလောက် လောင်းပြီး ခဲ၊ မခဲ စမ်းကြည့်ပါ
ကျောက်ကျောခဲပြီဆိုရင် ဗန်းထဲထည့်ပြီး အအေးခံလို့ရပါပြီ
မီးဖိုပေါ် အိုးစတည်တဲ့အချိန်က စတွက်ရင် တစ်နာရီလောက်တော့ ကျိုရပါတယ် ။

စားကြပါဦး ၊ ပိုစ့်အသစ် ထပ်မတင်နိုင်ရင်လည်း ဒါလေးကိုပဲ မွေးနေ့အတွက်လို့ မှတ်ပါနော်း)

အုန်းနို့များသွားလို့ ကျောက်ကျောလွှာ မညီဘူး ဖြစ်သွားပါတယ် ၊ အုန်းနို့ ၂၅၀ မီလီလီတာလောက်ဆို အတော်ပဲ နေမှာပါ
အတိုင်းအတာတွေအတွက် ခေါင်းမစားပါနဲ့နော်
ရေချိန်ဖို့ ရေသန့်ပုလင်းဟောင်းကို သုံးလို့ရသလို ၊ ကျန်တဲ့ပစည်းတွေကလည်း သူတို့ကို ထုပ်ထားတဲ့ အိတ်ပေါ်မှာ ဘယ်လောက်ပမာဏပါတယ်ဆိုတာ ရေးထားတာမို့လို့ ကိုယ်ထည့်ချင်သလောက် မှန်းပြီး ယူလိုက်ရုံပါပဲ
ဥပမာ သကြားက ၁ ကီလိုဂရမ်အထုပ် ၊ ကိုယ်သုံးမှာက ၅၀၀ ဂရမ်ဆို အထုပ်တစ်ဝက်လောက် မှန်းပြီးထည့်လို့ရတာပါပဲ
ဓါတ်ပုံမလှခြင်း သည်းခံပါး)
မြန်မာနှစ်သစ်မှာ အားလုံး စိတ်ချမ်းသာကြပါစေ

(ကျောက်ကျောတွေစီထားပုံကိုကြည့်ပြီး Mitsubishi logo ကိုတောင် သတိရမိတယ် ;)
ကျောက်ကျောမစားဖူးဘူးတဲ့ တစ်ယောက်သောသူကိုလည်း သတိရပါတယ်)

Monday, December 6, 2010

အာလူးကတ်တလိပ်

(Potato Cutlet ;))
မေမေ့လက်ရာကောင်းတွေထဲက တစ်ခု


အာလူးကို အိမ်မှာတော့ ဂျုံမှုန့် ၊ ကော်မှုန့် နည်းနည်းဖြူးပြီး ကိုင်လေ့ရှိပါတယ်
လက်မကပ်အောင်၊ အာလူးလုံးရတာလွယ်အောင်ပါ

မကြော်ခင် ဂျုံမှုန့်ပေါင်ဒါ လူးထားတဲ့ အာလူးလေးတွေ

ကြော်နေတုန်း ဓါတ်ပုံရိုက်ထားချင်လို့

စားကြပါဦးး)

ကိုယ်တိုင်လည်း ပျော်ပျော်နေချင်တယ်
လာလည်တဲ့သူတွေလည်း ပျော်ရွှင်ပါစေနော်း)

နောက်ဆက်တွဲး)
============

လူကြီး လက်သီးဆုပ်လောက် အာလူးကြီး ၅ လုံးဆို အဆာအတွက် ကြက်သွန်နီဥကြီး ၂ လုံး ၊ (အသားထည့်ချင်ရင် ၅ကျပ်သားလောက်) လိုပါမယ် ။ အာလူးကတ်တလိပ် ၁၀ လုံးရပါတယ်း)

အာလူးတွေကို ရေဆေးပါ ၊
အာလူးက အစေးတွေ ထွက်အောင် အာလူးထိပ်နှစ်ဖက်က အခွံကို ဓါးနဲ့ လွှာလိုက်ပါ
(အဲဒါဆို အာလူးပြုတ်က မွမွလေး ရတယ် ၊ စားရတာလည်း အစေးအရသာ မရှိတော့ဘူး လို့ စာအုပ်ထဲမှာ ဖတ်ဖူးလို့ပါ)
အာလူးကို ရေများများနဲ့ ပြုတ်ပါ ၊ အနည်းဆုံး အာလူးတွေမြုပ်တဲ့အပြင် နောက်ထပ် တစ်ဆ လောက်ပေါ့
ရေတဝက်လောက် ခန်းသွားရင် အာလူးကို တစ်ဖက်လှန်ပေးပါ
(အာလူး နူး၊မနူး သိရအောင် ခက်ရင်းလေးနဲ့ အာလူးကို ထိုးကြည့်ပါ)
အာလူး နူးပြီ ဆိုရင် အအေးခံထားလိုက်ပါ

အဆာအတွက် ကြက်သွန်နီ ခပ်ကြမ်းကြမ်း စဉ်းထားတာ ၊ ဆား ၊ အချိုမှုန့် ၊ ငရုတ်သီး အစိမ်းမှုန့် ၊ မဆလာတို့ကို ဆီနည်းနည်းနဲ့ လှိမ့်ပါ
(အသားထည့်ချင်ရင် တောက်တောက်စဉ်းပြီး ထည့်ကြော်ပါ)
ပြီးရင် ဆီစစ်ထားပါ
(ဆီပါရင် အာလူး လုံးရတာ ခက်လို့ပါ)

အာလူးပြုတ်တွေကို အခွံခွာ ၊ ငရုတ်ဆုံနဲ့ ဖွဖွလေး ထောင်းပါ ။
(အရမ်းထောင်းပြီး အာလူးတွေ စေးကုန်ရင် အာလူး လုံးရတာ ခက်ပါတယ် ၊ အာလူးတွေ ကြေအောင်တော့ ထောင်းပေးပါ )
ထောင်းပြီးသား အာလူးတွေကို ဆား ၊ အချိုမှုန့် ၊ ငရုတ်ကောင်းမှုန့်တို့နဲ့ နယ်ပါ

ပန်းကန်တစ်ခုထဲမှာ ဂျုံမှုန့် (သို့မဟုတ်) ကော်မှုန့် ထည့်ထားပါ ၊ လက်ဖဝါးနှစ်ဖက်မှာလည်း နည်းနည်းလူးလိုက်ပါ
ထောင်းပြီးသားအာလူးကို ကြက်ဥနှစ်လုံးစာလောက်အရွယ် ယူပြီး အာလူးလုံးမျက်နှာပြင်မှာ ဂျုံမှုန့်ပါးပါးကပ်အောင် လှိမ့်လိုက်ပါ
လက်ဖဝါးနှစ်ဖက်ထဲထည့်ပြီး အာလူးလုံးလေး ပြားသွားအောင် ဖိလိုက်ပါ

ကိုယ့်လက်ဖဝါးကို လက်ခုပ်လေးလို ၊ ခွက်လေးလို လုပ်ကြည့်ပါး)
အာလူးပြားကိုလည်း အဲဒီလက်ဖဝါးအတိုင်း အလိုက်သင့်လေး ဖိလိုက်ရင် အဆာထည့်ဖို့ အာလူးခွက်လေး ဖြစ်သွားပါလိမ့်မယ်
ကြော်ပြီးဆီစစ်ထားတဲ့အဆာကို လဖက်ရည်ဇွန်းတစ်ဇွန်းလောက် အာလူးခွက်လေးထဲကိုထည့် ၊ ဘေးဖက်က အာလူးသားတွေကို အဆာပေါ်ကို ဖြည်းဖြည်းချင်း အုပ်ပေးပါ
အာလူးလုံးလေးကို နည်းနည်းဖိပြီး ပုံစံကျအောင်လုပ်ပေးပါ ၊
ဂျုံမှုန့်ကို ခပ်ပါးပါး ထပ်လူးပေးပါ ၊ အဲဒါဆို ကြော်ရင် အာလူးလုံးတွေ ပုံပျက်တာ ၊ ပေါက်သွားတာ မဖြစ်တော့ပါဘူး ။

ကြော်မယ့်ဒယ်အိုးထဲကို ဆီခပ်များများထည့် ၊ ဆီပူလာရင် အာလူးထည့် ၊ ကြော်တဲ့ယောင်းမနဲ့ အာလူးလုံး အပေါ်ဘက်ကိုလည်း ဆီပူလောင်းပေးပါ
ခဏနေရင် အာလူးလုံးကို နောက်တစ်ဖက်လှန်ပေးပါ ၊ ဝါညိုရောင်လေး ဖြစ်လာရင် ဆီစစ်ပြီး ဆယ်လို့ရပါပြီ

အာလူးတွေကို ဒယ်အိုးထဲ ကြပ်နေအောင် မထည့်ပါနဲ့ ။ အာလူးလုံးတွေ ဆီပူလောင်းဖို့လွယ်အောင် ၊ ဟိုဘက်ဒီဘက်လှန်ဖို့ လွယ်အောင်လို့ပါ
မီးပြင်းပြင်းနဲ့လည်း မကြော်ပါနဲ့နော် ။ ခဏလေးနဲ့ ကျက်ပါတယ် ။
ထမင်းပူပူလေးကို အကြော်ဆီလေးဆမ်းပြီး တွဲစားရင် သိပ်ကောင်းပေါ့း)

း) ရေးရတာ လက်ဝင်လို့ ပျင်းပြီး မရေးဘဲ ထားတား)
ရေးပေးပါ ဆိုလို့ ရေးလိုက်ပြီနော် ၊ စားချင်သူလည်း အာလူးကတ်တလိပ် လုပ်ရတာ အဆင်ပြေပါစေး)
ဒါက ကျွန်မလုပ်တဲ့နည်းပါ ။ တခြားနည်းတွေလည်း အစ်မမိုးကောင်းသူ ဆီမှာတွေ့ လို့ ထည့်ပေးလိုက်ပါတယ် ။ ပိုစ့်ပိုင်ရှင်များကိုလည်း ခွင့်တောင်းပါတယ်နော်

http://mogaungthu.blogspot.com/2009/08/blog-post_19.html

Friday, November 26, 2010

မြင်းခွာရွက်သုပ်

Pennywort salad :)

မြင်းခွာရွက်ကို မေမေသုပ်တဲ့ပုံစံ သုပ်ထားတား)
အရွက်တွေကို ရေစင်အောင်ဆေးပြီး နုပ်နုပ်လေး လှီးရတယ်
ဝါးလို့လည်း ပိုအဆင်ပြေပြီး ပိုမွှေးသလိုပဲ

မြင်းခွာရွက်လှီးပြီးရင် ကြက်သွန်နီ ပါးပါးလှီး ရေဆေးထားတာရယ် ၊ ပုစွန်ခြောက် မညက်တညက် ထောင်းထားတာရယ် ၊
ဆား ၊ အချိုမှုန့် နည်းနည်း ၊ သံပုရာရည်နည်းနည်း ၊ ဆီချက်ဆီနဲ့ ရောပြီး ခပ်ဖွဖွလေး နယ်ပါတယ်
ခုနကမှ ကြော်ထားတဲ့ ကြက်သွန်နီကြော်လေး ဖြူးလိုက်ရင် သိပ်မွှေးတာပဲ ၊ အချိုသုပ်လေး :P

ဒီပိုစ့်ကို ဒီဇင်ဘာအတွက် စုထားရင် ကောင်းမလား စဉ်းစားနေသေးတား)
စားကြပါဦး

Friday, November 12, 2010

ထမင်းပေါင်း

Rice with Mix Vegetables

အိမ်မှာရှိတဲ့ အသီးအရွက်လေးတွေနဲ့ ထမင်းပေါင်း လုပ်စားပါတယ်
niceflavour က ကြာဇံသုပ်ကနေ မတက်သေးဘူးလား... ဆိုလို့ ရှိတာလေး တင်လိုက်ပါတယ်း)
အသားမပါဘူးနော်

ဒါက အသီးအရွက်ကို အရင်ကြော်ထားတာ(တရုတ်နံနံအများကြီးနဲ့)၊ ထမင်းပေါင်းအတွက်ဆို ပဲငံပြာရည်(အကြည်) နည်းနည်းပါတဲ့အရသာ ကြိုက်တယ်

ဂျုံမှုန့်နည်းနည်း၊ ဆား ၊ အချိုမှုန့် ၊ ငရုတ်ကောင်းမှုန့်နည်းနည်း နဲ့ ကော်ရည်ဖျော်ရတာ ကြိုက်တယ်

မတွေ့ တာကြာသွားပြန်ပြီနော် ၊ စားကြပါဦးး)

Tuesday, October 5, 2010

ကြာဇံသုပ်

Rice Vermicelli Salad (Myanmar Style)

အစ်မတစ်ယောက် စားချင်တယ် ဆိုလို့ လုပ်ပေးခဲ့တဲ့ ကြာဇံသုပ်ပါ
ကြာဇံနဲ့အာလူးကို အဓိကထားပြီး အချိုသုပ်တဲ့ပုံစံပါ

ဟင်းခါး ပူပူစပ်စပ်လေးနဲ့ တွဲသောက်ရင် ပိုကောင်းပါတယ် ၊ လိုနေတဲ့ အစပ်အရသာ ပြည့်စုံသွားတယ်လို့ ခံစားရတယ်

ဆီချက်ဝါဝါလေးက မပါမဖြစ်ပေါ့ ၊
(Before:)

(After:)


ကျွန်မအတွက်တော့ အစားအစာ ဆိုတာ ကျွန်မချစ်တဲ့၊ခင်တဲ့သူတွေကို ချစ်ခင်ကြောင်းပြတဲ့ အမှတ်အသားတစ်ခုပါပဲ
Food is one of the way I show my love to my loved ones.

Friday, September 24, 2010

အာလူးနှပ်

Potato in Egg

အာလူး ကြိုက်ရဲ့ လား မသိဘူး
ကြက်ဥရော ကြိုက်ရဲ့ လား မသိဘူး
(ကိုလေးဖြူ လိုမေးကြည့်တား))
နှစ်မျိုးလုံး ကြိုက်ရင်တော့ ဆက်ဖတ်နော်း)



ဒီဟင်းက မေမေချက်နေကျ ဟင်းတစ်မျိုးပါ ၊ လေပြေကတော့ သိပ်ကြိုက်ပေါ့း)

အာလူးကို အခွံနွှာ ရေဆေးပြီး ရေစိမ်ထားပါ (အာလူးအစေးတွေက လေသလပ်ရင် အာလူးကိုညိုသွားစေလို့ပါ)
အာလူးကို လက်သန်းတစ်ခြမ်းအရွယ်လောက်အထူ အဝိုင်းလေးတွေလှီး ၊ အဲဒီအဝိုင်းလေးတွေကို အစိပ်လေးတွေ ပြန်စိပ်ပါ
စိပ်ပြီးရင် ရေသေချာပြန်ဆေးပါ(ညိုသွားမှာ စိုးလို့ပါ)
ပြီးရင် အာလူးတွေကို ရေစစ်ထားပါ

ဒယ်အိုးထဲမှာ ဆီပူလာပြီဆိုရင် နနွင်းနည်းနည်းထည့်ပြီး ဆီသတ်ပါ
ရေစစ်ထားတဲ့ အာလူးချောင်းလေးတွေ ထည့်ပြီး အသာမွှေပေးပါ
အာလူးလေးတွေ အရောင်ပြောင်းပြီး ကြည်ကြည်လေး ဖြစ်လာပါလိမ့်မယ်

ကြက်သားမှုန့် (ဒါမှမဟုတ် ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်း) ထည့်ပြီး နှံ့အောင်မွှေပါ
အာလူးနူးအောင် ရေနည်းနည်းထည့်ပြီး အဖုံးအုပ်ထားပါ



အာလူးနူးပြီး ဆီပြန်ခါနီးအချိန်မှာ ကြက်ဥထည့်မွှေပါ
(ကြက်ဥက ခေါက်မထားလည်း ရပါတယ် ၊ လေပြေတော့ အာလူးအိုးထဲ ထည့်မွှေလိုက်တာပါပဲး))

ကြက်ဥဖတ်လေးတွေကျက်ပြီး ဆီပြန်လာပြီဆို စားလို့ရပါပြီ